ချွေးထွက်များခြင်း (Hyperhidrosis) အကြောင်း
ပတ်ဝန်းကျင်အပူဒဏ်ကြောင့် (သို့) ခန္ဓာကိုယ်လှုပ်ရှားမှုကြောင့် သူများထက်စာရင် ချွေးအများကြီးထွတ်တတ်တဲ့သူတွေ ရှိပါတယ်။ အဝတ်အထည်တွေ ရွှဲနစ်တဲ့အထိ၊ လက်တွေကနေ စီးကျတဲ့အထိ ချွေးထွက်တတ်လွန်းတဲ့အခါ လူကြားထဲမှာ ရှက်ရတာ၊ စိုးရိမ်ပူပန်ရတာတွေ ခံစားရပါတယ်။ ဒီလို ချွေးထွက်သန်တတ်တာဟာ ပုံမှန်ပဲလား။
ချွေးထွက်ခြင်းဟာ ခန္ဓာကိုယ်အပူချိန်ကို လျော့ကျအောင် ပြုလုပ်ပေးတဲ့ ကိုယ်တွင်းလုပ်ငန်းစဉ် တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်အပူချိန်မြင့်လာရင် အာရုံခံစနစ်ကနေ အလိုအလျောက် ချွေးထုတ်တဲ့ဂလမ်းတွေကို လှုံ့ဆော်ကာ ချွေးထွက်ခြင်းကို ဖြစ်စေပါတယ်။ စိတ်လှုပ်ရှားတဲ့အချိန်တွေမှာ လက်ဖဝါးမှာ ချွေးစို့လာတတ်တဲ့ ဖြစ်စဉ်က ဥပမာပါ။
ချွေးထွက်လွန်ခြင်းရဲ့ ပထမအမျိုးအစားကတော့ primary (သို့) essential hyperhidrosis လို့ခေါ်ပါတယ်။ လူအများစု ကြုံတွေ့ရတဲ့ အမျိုးအစား ပါ။ရောဂါပြသာနာအခြေခံကြောင့် မဟုတ်ပါဘဲ မွေးရိုးဗီဇနဲ့ ဆိုင်တာပါ။ ချွေးထုတ်ဂလမ်းတွေနဲ့ ဆက်သွယ်တဲ့ အာရုံကြောများဟာ အလုပ်လုပ်လွန်းနေခြင်းကြောင့် ဖြစ်ပါတယ်။ ပတ်ဝန်းကျင်အပူချိန်နဲ့ ခန္ဓာကိုယ်လှုပ်ရှားမှု အနည်းငယ်ပြုလုပ်ရုံနဲ့တင် မျက်နှာ၊ လက်ဖဝါး၊ ခြေဖဝါးတွေမှာ ချွေးထွက်ပါပြီ။ စိတ်ဖိစီး၊ စိတ်လှုပ်ရှားတဲ့အချိန်တွေမှာ ပိုဆိုးပါတယ်။
ဒုတိယတစ်မျိုး secondary hyperhidrosis ကတော့ ရောဂါပြသာနာကြောင့် ချွေးထွက်များခြင်း ဖြစ်ပါတယ်။ ဆီးချိုရောဂါ၊ အမျိုးသမီးများ မီးယပ်သွေးဆုံးချိန်၊ လည်ပင်းကြီး သိုင်းရွိုက်ပြသာနာ၊ သွေးတွင်း သကြားဓာတ်ကျနေချိန်၊ ကင်ဆာရောဂါအချို့၊ ဆေးဝါးအချို့ရဲ့ ဘေးထွက်ဆိုးကျိုး (ဥပမာ မူးယစ်ဆေးစွဲခြင်းကို ဖြတ်ရာမှာ သုံးသောဆေး)၊နှလုံးအမောဖောက်ခြင်း၊ အာရုံကြောပြသာနာများ၊ ပိုးဆိပ်တက်ပိုးဝင်ခြင်းစတဲ့ ရောဂါအခြေအနေများမှာ ချွေးအလွန်အမင်းထွက်တတ်တာကို တွေ့ရပါတယ်။
ချွေးထွက်လွန်ခြင်းအတွက် ချွေးထွက်တာ သက်သာစေတဲ့ ချွေးတိတ်ဆေးများ (Aluminum Chloride၊ Aluminum Chloralhydrate ၊ Aluminum Zirconium ပါဝင်သော Roll-on၊ ဖြန်းဆေး၊ အမှုန့်) များကို သုံးခြင်းနဲ့စတင်ရပါတယ်။ ဒါနဲ့မှမရရင် ဆေးဝါးအချို့ အကူအညီ လိုနိုင်ပါတယ်။ ပြင်းထန်တဲ့သူများမှာတော့ ချွေးထုတ်ဂလမ်းအချို့နဲ့ အာရုံကြောများကို ဖြတ်တောက်၊ ဖယ်ရှားသော ခွဲစိတ်မှုကို လိုကောင်းလိုပါလိမ့်မယ်။ တစ်ခါတစ်ရံ ရောဂါအရင်းအမြစ်ကို ရှာဖွေကုသရတာမျိုး ရှိတတ်ပါတယ်။
- ချွေးအလွန်အမင်းထွက်ခြင်းကြောင့် ခေါင်းမူး၊ ရင်ဘတ်အောင့်၊ ပျို့အန်ချင်သလို ဖြစ်ရင်
- နေ့စဉ်လုပ်ငန်းတွေမှာ အခက်ကြုံရရင်
- စိတ်အနှောင့်အယှက် ဖြစ်ရကာ ပတ်ဝန်းကျင်ကို ရှောင်ဖယ်ရတဲ့အထိ ဖြစ်လာရင်
- ရုတ်တရက်ဆိုသလို ပုံမှန်ထပ် ချွေးပိုထွက်တတ်လာရင်
- အကြောင်းရင်းမရှိ ညဘက်တွေမှာ ချွေးထွက်လာရင်
ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ အကြံပြုပါတယ်။
ရေးသားသူ - ဒေါက်တာ မေမြတ်